သို့ မပုန်းရည်। ခေတ္တ နတ်ရေကန်ရွာ
- ကသမန
- Nov 16, 2020
- 1 min read

ရာမ ခင်ခင်ထူးခေါ်လို့ မတ္တရာမြို့နယ်ထဲက နတ်ရေကန်ရွာလေး ရောက်သွားတယ်
ရွာဓလေ့ ရွာထုံးတွေကို အလေးထားပြီး မြင်အောင်ဖွဲ့နိုင်တဲ့ ပြောနိုင်တဲ့ ဆရာနေဝင်းမြင့် တို့ ဇနီးမောင်နှံကို သဘောကျမိတာကြာပြီ။
ဆရာမရဲ့ မအိမ်ကံကို PDF အနေနဲ့ ၁/၃ ပုံလောက်ဖတ်ဖူးပေမဲ့ အခုထိမပြီးသေးဘူး။ အဲ့ကတည်းက ဆရာမရဲ့အာဘော်နဲ့ ရွာဓလေ့ ရွာထုံးတွေကို ဗဟုသုတရစရာအဖြစ် မှတ်ယူမိတယ်။ မအိမ်ကံ ဝတ္တုကထူးခြားပြီး ဖတ်လို့ကောင်းပေမဲ့ ရွာကမြန်မာအမျိုးသမီးတွေကိုကိုယ်စားပြုပြီး မိန်းမတွေရဲ့စိတ်တွေ အတွေးတွေ အိမ်မက်တွေက်ုချည်းဖတ်နေရသလိုခံစားမိတယ်။ အဆင်သင့်ရင်တော့ ပြီးအောင်ဖတ်ဖို့ကြံရွယ်ထားပေမဲ့အခုထိတော့မဖတ်ဖြစ်သေးဘူး။
အခုဒီစာအုပ်ကတော့ ၂ ပတ်အတွင်းပြီးသွားခဲ့တယ်။ စာလေးလို့ဖတ်မကောင်းလို့ စိတ်မဝင်စားလို့မဟုတ်ပဲ စာဖတ်နှေးတာရယ် မအားတာရယ်နဲ့ကြာသွားတာ။ ဒါပေမဲ့ အချိန်ရတာနဲ့ပြေးကိုင်မိတဲ့စာအုပ်။ ဆရာမ မပုန်းရည်ကို စာဖတ်ရင်းကြိုက်သွားတာလည်းဖြစ်နိုင်တယ်။ နတ်ရေကန်ရွာကိုရောက်သွားတာလည်းဖြစ်နိုင်တယ်။ ရန်ကုန်မှာမွေးဒီအရွယ်ရောက်လာတော့ ရွာဆိုတဲ့ဓလေ့ကို ခဏတာသာယာသွားတာလည်းဖြစ်နိုင်တယ်။
ဇာတ်လမ်းက မဆန်းဘူး။ ဇာတ်ကောင်ကလည်းမဆန်းဘူး။ မြန်မာ ဝတ္တု। ရုပ်ရှင် ဇာတ်လမ်းတော်တော်များများမှာတွေ့ရတဲ့ အရာတွေပဲ။ မြို့ကဆရာမ ရွာသေးရွာငယ် ကိုရောက်ပြီး ကြုံရဆုံရတဲ့ ပျော်စရာ ငိုစရာတွေ။ ချစ်သူရည်းစား ကိစ္စအချိပ်အဆက်တွေ ပဲဆိုပါတော့။ ဒါပေမဲ့ ဖတ်စေတယ်။ ဖတ်စေတယ်ဆိုတာ ဖတ်ခိုင်းတာမဟုတ်ပဲ သိသိကြီးနဲ့ကိုဖတ်ချင်စိတ်ဖြစ်စေတာ။
ဇာတ်လမ်း နဲ့ ဇာတ်ကောင် သပ်သပ်ကြီးဖြစ်မနေပဲ ကိုယ်ပါဇာတ်လမ်းထဲကတစ်နေရာရာရောက်နေသလိုကြီး। အထူးသဖြင့်တော့ ဆရာမ မပုန်းရည် ကို ကြိုက်သွားတဲ့ရွာသားတစ်ဦးလိုဖြစ်နေရော။
ဆရာမ မပုန်းရည်ကို အပြင်သက်ရှိမိန်းမတစ်ယောက်အနေနဲ့ ပုံဖေါ် စိတ်ကူးမိတာလည်းမရှိဘဲကို ကြိုက်သွားတာ။ လေးစားနေတာ। သဘောကျနေတာ။
အဓိကပြောချင်တာအခုမှ ဒီဝတ္တုနဲ့ပတ်သတ်ပြီး ကြိုက်သူ သဘောကျသူ များစွာရှိမှာပါ။ ဆရာမ ခင်ခင်ထူးရဲ့ စာပေအရေးအသားအဆင့်အတန်း ကို လေးစားသူ နှစ်သက်သူများစွာလည်းရှိပါတယ်။ အနုပညာ ကလောင်စွမ်းကဘယ်လောက်ထက်လည်းဆိုတာကိုယ်တိုင်ခံစားမိတဲ့ခံစားမှုတစ်ခုကိုပြောပြချင်လို့ပါ။
ဒီဝတ္တုကိုဖတ်နေရင်းမှာပဲ အသက် ၆၀ ကျော်လူကြီးများအတွက် အိမ်တိုင်ယာရောက်မဲ့ကောက်ပေးတဲ့ UEC ရဲ့အစီအစဥ်အရ ကျွန်တော်တို့ရပ်ကွက်မှာလည်း ရပ်ကျေး। UEC နဲ့ တာဝန်ကျအဖွဲ့တွေအိမ်တိုင်ယာရောက်မဲလာကောက်ကြပါတယ်။ ကျွန်တော့တိုက်မှာလည်း လူကြီးတွေရှိလို့ အုပ်စုလိုက်ကြီးရောက်လာပြီး တိုက်အောက်မဆင်းနိုင်တဲ့ လူကြီးတွေကို တိုက်ပေါ်တက်ပြီးမဲကောက်ကြပါတယ်။ အခုပြောနေတာ UEC တို့ ပါတီတို့နဲ့မသက်ဆိုင်ပါဘူး။ ပြောချင်တာက UEC နဲ့အတူပါလာတဲ့ မဲရုံတာဝန်ခံဆရာမတွေပါ။
သူငယ်တန်းကနေ ဆယ်တန်းထိ ၁၀ နှစ်လောက်နီးပါးကျောင်းသားဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက် အဖြူအစိမ်းဝတ်ဆရာမတွေ ဆရာတွေဆိုတာ ဘာမှထူးဆန်းတာမဟုတ်ဘူး။" ကျန်းမာရွှင်လန်းပါစေဆရာမ" ဆိုတဲ့ နှုတ်ဆက်စကားပြောပြီး ဒီဆရာ ဆရာမတွေသင်ပေးတဲ့ပညာနဲ့လူဖြစ်လာရတာ။ အန္တကိုင်းဝင် ဆရာ ဆရာမများကို ငယ်ငယ်ထဲက ချစ်ကြောက်ရိုသေခဲ့တာ။ အိမ်မှာအတူနေအဖေ့ညီမ က လည်း ကျောင်းဆရာမ။ ဘာမှထူးဆန်းတဲ့ လူတွေ အမြင်တွေ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဝတ္တုကိုဖတ်နေရင်း ဆရာမ မပုန်းရည်နဲ့ ကျေးရွာက ကျောင်းလေးကိုရောက်နေရင်း နေရင်းထိုင်ရင်းကိုဖြစ်လာတဲ့စိတ်။ UEC နဲ့အတူပါလာတဲ့ မဲကောက်တဲ့တာဝန်ခံ အဖြူအစိမ်းဝတ်ဆရာမတွေကိုတွေ့လိုက်ရတော့ စိတ်ထဲသ ဘောကျတာ ချစ်တာဆိုတာ။ ကိုယ့်ထက်ကြီးတဲ့ဆရာမကြီးတွေပါသလို ငယ်တဲ့ဆရာမလေးတွေပါပါတယ်။ မပုန်းရည်ကိုသဘောကျနေတုန်း အဖြူအစိမ်းဝတ်ဒီကဆရာမတွေတွေ့တော့ တကယ်ကြီးကိုရင်ခုန်သလိုလိုဘာလိုလိုနဲ့။ မဟုတ်တာတွေးပြီးဖွန်ကြောင်တာမဟုတ်မှန်းကိုယ့်ဟာကိုယ်သိပေမဲ့ ဒီလိုရေးပြတော့ တစ်မျိုးထင်ကြဦးမယ်။ ထားပါ ကိုယ်မှအဲ့လိုမဟုတ်တာ။
အဲ့တော့ စာပေ ဂီတာ ပန်းချီ ဓါတ်ပုံ. ရုပ်ရှင် စတဲ့ လူ့စိတ်နဲ့ လူအတွေးတွေကို ကြမ်းရာကနု နုရာကကြမ်းစေနိုင်တဲ့ အစွမ်းထက်လှတဲ့အနုပညာကိုပိုအံ့သြနှစ်သက်မိတယိ။ ကိုယ်လုပ်နေတဲ့အနုပညာလုပ်ငန်းမှာလည်း ကောင်းသောရည်ရွယ် တင်ပြမှုနဲ့ ကောင်းသောခံစားမှုရသပေးနိုင်အောင် သတိထားမိတယ်။
အခုတော့ နတ်ရေကန်ရွာက ကိုကြာစွယ်ကြီးနဲ့အတူ မပုန်းရည်ကိုလွမ်းမိရင်း( မပုန်းရည် ကအင်ဂျင်နီယာနဲ့ဇာတ်သိမ်းမှာကြိုက်သွားတာကိုးး)
ချစ်ခင်လျက် ကသမန
Comentários