လိုက်နိုင်ရဲ့လား?
- Pyae Phyo Aung
- Oct 6, 2020
- 1 min read

ပညာရေးနဲ့ ပတ်သက်ပြီး ကျတော့် အမြင်လေး တစ်ခုပြောချင်လို့ပါ
ကျတော်တို့ ကျောင်းသားဘဝ တလျှောက်မှာ အမေးခံရတဲ့ မေးခွန်းတစ်ခုက “စာလိုက်နိုင်ရဲ့လား?” ဆိုတာပါ။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း နောက်တော့ တက္ကသိုလ်… အဲ့မှာ ရပ်သွားလားဆိုတော့ မရပ်သေးပါဘူး။ ကျောင်းတွေပြီးသွားတော့ ပြင်ပပညာရေးအတွက် သင်တန်းတွေ၊ ဒီပလိုမာတွေ အစုံလိုက်တက်လေ့လာရတာပါပဲ။
အဲ့ဒီ့အချိန်ထိ “စာလိုက်နိုင်ရဲ့လား?” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးနေရဆဲပါ။
ငယ်ငယ်ထဲက ကျတော်တို့ ဘာသာစုံကျောင်းစာတွေနောက်ကို လိုက်နေတာပဲ၊ လိုက်လို့မှီတဲ့ဘာသာရှိတယ်၊ လိုက်လို့ မမှီတဲ့ဘာသာရှိတယ်၊ အတန်းပညာနောက်ပိုင်း တခြားသင်တန်းတွေ၊ ကိုယ်တိုင်မဖြစ်မနေလေ့လာရတဲ့ ပညာရပ်တွေလဲ ရှိလာပါတယ်။ အဲ့အချိန်ထိ ယက်ကန်ယက်ကန် ဖြစ်နေတော့တာပဲ။
အဲ့ဒီမှာ ငါကတော့ ဒီပညာမှာ အားနည်းတယ်၊ ဉာဏ်မမှီဘူး၊ ဒီဘာသာကတော့ ငါ့အတွက်ခက်တယ် ဆိုပြီး ဖြစ်လာရော၊ အဲ့တော့ သင်တန်းတစ်ခုကနေ နောက်တစ်ခုကို ပြောင်းတက်တယ်။ အဲ့လိုနဲ့ပဲ ငါနဲ့မကိုက်ပြန်ဘူးလေဆိုပြီး ပညာရေးကိုလက်လျော့လိုက်ပြီး ဘဝရပ်တည်မှုအတွက် စီးပွားရေးလုပ်မှပဲဆိုပြီး ဖြစ်သွားတဲ့သူတွေ အများအပြားပဲ။
ဘဝရပ်တည်မှုလုပ်တော့လဲ လေ့လာသင်ကြားမှုက လိုအပ်လာတာပဲလေ။
ဒီလိုဆို မေးခွန်းကိုနည်းနည်းပြင်မေးမယ်ဗျာ...
ဘဝမှာရော ကျတော်တို့ “လိုက်နိုင်ကြရဲလား ???”
ခက်ခဲတိုင်း လက်လျော့ပြီး လွယ်တာတွေပြောင်းလုပ်ရင်းနဲ့ လုံးလည်ချာလည် လိုက်နေပြီလား?
ဒီရက်ပိုင်း ကျတော့်ရဲ့ ၁၀ နှစ်မပြည့်သေးတဲ့ ကျတော့်တူလေးတွေနဲ့ အွန်လိုင်းကနေ ဂိမ်းဆော့ဖြစ်တယ်၊ နောက်တစ်ခုက ကျတော်မသိသေးတဲ့ အကြောင်းအရာတွေကို Website တွေကတဆင့် လေ့လာဖြစ်တယ်။
ကျတော့်တူ၊ တူမတွေက တခြားနိုင်ငံမှာပါ၊ သူတို့ရဲ့ ပညာသင်ကြားလေ့လာမှုပုံစံက ကျတော်တို့နဲ့မတူတော့ဘူး၊ စာပဲဖြစ်ဖြစ်၊ ဂိမ်းအသစ်တစ်ခုကို ကစားတာပဲဖြစ်ဖြစ် သူတို့သင်ယူပုံက ဘယ်သူ့မှအားမကိုးဘူး။ ၁၀ နှစ်သာ မပြည့်သေးတယ် သူတို့ ဦးနှောက်ဖွံ့ဖြိုးမှုက ကျတော်တို့လုပ်ငန်းခွင်ဝင်တဲ့ ကျတော်တို့အရွယ်တွေနဲ့ တွေးခေါ်ပုံကိုနားလည်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်တယ်။ ကျတော်တို့ မသိတဲ့အကြောင်းအရာတွေကို သူတို့က နားလည်လွယ်အောင် ပြန်ရှင်းပြနိုင်တယ်။ သူတို့က ကျတော်တို့ကို လိုက်နိုင်တယ်ပေ့ါဗျာ။
တခြားနိုင်ငံက ကလေးတွေက လိုက်ရလွယ်တဲ့ ကိစ္စတွေကို ကျတော်တို့ ဘာကြောင့် လိုက်ရမလွယ်လဲ ဆိုတဲ့ မေးခွန်း ကျတော့်မှာရှိလာပြီ။
အစောပိုင်းကပြောခဲ့သလို ကျတော်တို့ ပညာရပ်တွေ အများကြီးသင်တယ်၊ သင်တန်းတွေ၊ ကျောင်းတွေတတ်တယ်၊ Self-study လုပ်သင့်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျတော်တို့ လိုက်မမှီနိုင်ဘူး၊ မလိုက်နိုင်ဘူးဆိုတာတွေ ရှိလာတယ်။
နောက်တစ်ချက်က ကျတော် Website က လေ့လာမိတဲ့ အကြောင်းတစ်ခုပေါ့... Study Skills ဆိုတာကြီးပဲ...
ကျောင်းသားဘဝ စာသင်ခန်းတွေမှာ ကျတော်တို့ Study Skills ဆိုတာကို သင်ဖူးကောင်းလဲ သင်ဖူးခဲ့မှာပါ၊ ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းလမ်းတွေလဲ ရှိခဲ့မှာပါ။ ဒါပေမဲ့ ကျတော်တို့ Study Skills ကို စနစ်တကျ ပြုစုပျိုးထောင်ဖူးတာမျိုး အားနည်းခဲ့လိမ့်မယ်လို့ ကျတော်ယူဆတယ်။
Study Skills ဆိုတာ ကျတော်တို့လေ့လာသင်ယူဖို့ ကြိုးစားနေတဲ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပညာရေးစနစ်တွေက နေ့စဥ်ဘဝမှာထည့်သွင်းပြီးသားဖြစ်နေတော့ ကလေးတွေကအလိုလို တတ်မြောက်နေတာမျိုး ဖြစ်နေရော၊ အဲ့ဒါ မျိုးဆက်ကွာခြားချက်ပဲ။
Study Skills ဆိုတာ အရေးကြီးတယ်၊ ဥပမာ ကွန်ပြူတာသင်မယ်၊ အင်္ဂလိပ်စာသင်မယ်၊ စီးပွားရေးပညာသင်မယ် ဆိုတာမျိုးတွေ မလုပ်ခင်မှာ Study Skills ဆိုတာကို အရင်သင်ယူလေ့လာသင့်တယ်။ ဒါမှ ပညာရပ်တစ်ခုခု၊ သင်တန်းတစ်ခုခုကို လေ့လာတဲ့အခါမှာ “လိုက်နိုင်မှာပေါ့”
ပြောရရင် Study Skills (လေ့လာသင်ယူခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ) ဆိုတာ စာဖတ်တတ်အောင် သင်သလိုပဲ၊ စာမှမဖတ်တတ်ရင် ကြိုက်တဲ့စာအုပ်ကိုင်၊ ကမ္ဘာကျော်အောင် ကောင်းတဲ့စာအုပ်ကြီးပဲ ကိုင်ထား ကိုင်ထား... လက်ထဲမှာစာအုပ်အလေးချိန်ကလွဲရင် ဘာမှမထူးခြားဘူး၊ အဲ့စာအုပ်ကလဲ ကိုယ့်အတွက် အသုံးမဝင်ဘူး။
ကားမောင်းသင်သလိုပဲ... လေးဘီးကား B600, Manual Gear နဲ့ ကားမောင်းသင်ဖူးရင်၊ ကြိုက်တဲ့ Manual Gear ကားတက်မောင်းကြည့် မောင်းလို့ရတယ်၊ Auto Gear ကားသစ်တွေလာရင်လဲ မောင်းဖို့ မခက်တော့ဘူး။ ကားမောင်းမှမတတ်ရင်တော့ ကိုယ့်အရှေ့မှာ BMW ကားကြီးရှိလဲ အလှထိုင်ကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ရောင်းစားပေါ့... ကားအကြောင်းနားမလည်ရင် ဈေးကောင်းတော့ ရချင်မှ ရပေမပေါ့ဗျာ...။
အခြေခံပညာရေးစနစ်မှာ ဘာသာရပ်ဆိုင်ရာတွေမသင်ခင် Study Skills တွေကို အရင်ထက်ပိုအလေးပေး သင်ကြားစေချင်တယ်ဗျာ...။
ဒါမှပဲ “လိုက်နိုင်မှာပေ့ါ”။
ကျတော့် တွေးမိတာလေးကို ချရေးလိုက်တာဖြစ်လို့ မှန်တယ်၊ မှားတယ်၊ ပြည့်စုံတယ်၊ မပြည့်စုံဘူးဆိုတဲ့အပေါ် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
ပြည့်ဖြိုး
အောက်တိုဘာ (၆) ၂၀၂၀၊ နေ့လယ် ၂:၀၀
Comentarios