top of page

တရားဝင်ကျောင်းပြေး

Updated: Sep 26, 2020




ကျောင်းသားဘဝမှာ အလယ်တန်းတုန်းက ရှားရှားပါးပါး တစ်ခါကျောင်းပြေးဖူးတယ်။


အဲ့ဒီ့နေ့က ဥပုသ်နေ့အစား ကျောင်းပြန်တက်ရတာ။ တခြားပိတ်ရက်တစ်ရက်နဲ့လဲဆုံတော့ A, B, C သုံးခန်းပေါင်းမှ ကျောင်းသားက ၄၀ မပြည့်ချင်ဘူး။ ဒါနဲ့ အခန်းသုံးခန်းပေါင်းထိုင်ရရောလေ။ အဲ့မှာ စတာပဲ။


သုံးခန်းလုံးက အချောအလှလေး စာဂျပိုးမလေးတွေက တစ်ယောက်မှ ကျောင်းမတက်ဘူးလေ (ပြောတော့စာဂျပိုးတဲ့၊ ကျောင်းတက်လဲမမှန်ဘူး)။ လူနည်းတော့ စာကလဲ ဟုတ်တိပတ်တိ မသင် (ကျတော်တို့က စာကြိုးစားတဲ့ ကလေးတွေပါ အယ့်လယ်)။


ဒါနဲ့ မရှိမဲ့ရှိမဲ့ (B ခန်းကိုယ်စားပြု) ဘော်ဒါသုံးယောက်စုပြီး “ငါတို့ ဒိုးကျမယ်” ဆိုတိုင်ပင်ကြရော။ အဲ့အချိန်မှ အလျှိုလျှို အခန်းထဲက လစ်ထွက်တဲ့သူကထွက်ပြီးနေကြပါပြီ (ဆရာမလစ်တုန်း)။ ပြဿနာက အဲ့မှာစတာ…

ပထမပြဿနာက... ကျောင်းကနေ ဂိတ်တံခါးရောက်ဖို့ ဘောလုံးကွင်းအကျယ်ကြီးကို ဖြတ်ရတယ်။ စာသင်ချိန်ဆိုတော့ အဲ့အချိန်ကွင်းထဲဖြတ်ပြေးရင် လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး (ပစ်မလွဲကြီးပေါ့ဗျာ)။


ဒုတိယပြဿနာက… ကျောင်းဂိတ်ဝက ဗိုလ်တဲမှာ ကျောင်းစောင့်က အမြဲရှိတယ်။ ပြဿနာအစွယ်အပွားက သူပြောတဲ့စကားက ဝဲတယ်၊ ကိုယ်ပြောရင် သူနားမထောင်၊ သူပြောရင် ကိုယ်နားမလည်ပဲ၊ မိလို့ကတော့ ဂုတ်ကဆွဲပြီး ကျောင်းအုပ်ကြီးဆီတန်းပို့မှာ (ဘယ်အတန်းပိုင်ဆီမှ အရင်မရောက်ဖူး၊ ကျောင်းအုပ်ပြီးရင် သူ့အကြောက်ရဆုံး)။


တတိယပြဿနာက… ကျောင်းကလွတ်ရင် ဘယ်သွားကြမလဲဆိုတာ? ရောက်ချင်ရာရောက်ကွာ စာမသင်ရမဲ့တူတူ ကျောင်းမှာမနေဘူးလို့ ဆုံးဖြတ်လိုက်ကြတယ် (ကျတော်တို့ဟာ စာကြိုးစားတဲ့ ကလေးတွေပါ၊ ဒါဒုတိယအကြိမ် ပြောပြတာ မေ့သွားမှာစိုးလို့)။


နောက်ဆက်တွဲ ပြဿနာအသေးလေးတွေရှိသေးတယ်… ကျောင်းကလစ်ရင် အတို့အထောင်လုပ်မဲ့ အခန်းထဲက သာလိကာမလေးတွေရယ်၊ မုန့်ဖိုးဘယ်လောက်ပါသလဲဆိုတာရယ်၊ စာသင်ခန်းထဲမှ အလိမ္မာဆုံး (ဆရာမက ဆုံးမရင် ကိုယ်တွေနာမည်တပ်တပ်ပြီး ပြောရတယ်) ဆိုတဲ့ နာမည်ကောင်းလေးတွေရယ် (ပြောသားပဲ စာကြိုးစားတဲ့ လူလိမ္မာလေးတွေပါဆို)။ အလယ်တန်းကျောင်းသာဘဝ တစ်လျှောက်လုံး နာမည်ကောင်းက ဒီတစ်ချက်ထဲနဲ့ အငွေ့ပျံရုံမကဘူး၊ နာမည်ဆိုးနဲ့ကျော်ကြားပြီး ကျောင်းရဲ့ ဆယ်လီဖြစ်လာမှာလဲရှိသေး။


ကျန်သေးတယ်… ကျောင်းနဲ့ အိမ်ကဝေးရှာတယ်… အိမ်ကနေ ခဲနဲ့ပေါက်ရင် တောင်ကျောင်းစောင့်နဖူး ပစ်မလွဲကိုဝေးတာ (ဒါတောင် တစ်ခါတစ်ခါ ကျောင်းချိန် သိပ်မှီတာမဟုတ်ဖူး)။ ပြီးတော့ ကိုယ့်အဖေနဲ့ အကိုနာမည်ပြောရင် မူလတန်းပြဆရာမကနေ ကျောင်းနာယကလောက်ထိပဲ သိကြတာပါ၊ ဘယ်သူသားလေ… ဘယ်သူညီလေ… ဆိုတာမျိုး။ ဒါတောင် အဲ့ကျောင်းမှာ အဆိုးဆုံး၊ အရိုက်အကြမ်းဆုံးလို့ မူလတန်းကျောင်းသားကအစ သတ်မှတ်ထားတဲ့ ဆရာမရှိတယ်၊ အဲ… အဲ့ဆရာမလက်မြှောက်ထားရတဲ့ ညီတော်မောင်ရဲ့ နာမည်ထုတ်မပြောသေးဘူး (သူကတော့ တကယ့်ကို ကျောင်းရဲ့ ငယ်မွေးခြံပေါက် ဆယ်လီပါ)။


ကဲကျောင်းဆက်ပြေးကြစို့…


ကျောင်းဝင်းထဲက ထွက်ဖို့လမ်း နှစ်လမ်းရှိတယ်။ (၁) ဘောလုံးကွင်းကိုဖြတ်ပြေး၊ (၂) ကျောင်းအဆောင်ပြတင်းပေါက်ကခုန်ချ (မမြင့်ပါ)၊ သံစူးကြိုးကြားက ကျော်ဝင်၊ ဒါဆို ရပ်ကွက်ရုံးထဲ တန်းရောက်တယ်။


မဲမခွဲတော့ဘူး တစ်ညီတစ်ညွတ်ထဲ နံပါတ် (၂) လမ်းကို ရွေးလိုက်တယ်။ လူကောင်သေးသေးလေးတွေဆိုတော့သံဆူးကြိုးလဲ မညှိဘူး အေးဆေးပဲ၊ ရပ်ကွက်ရုံးထဲကဖြတ်၊ တွေ့တဲ့သူနှုတ်ဆက်၊ မှင်သေသေပဲ အိမ်ကိုအရင်သွား၊ ရေလေးဘာလေးသောက်တာပေါ့။


ပြီးတော့ အဖေ့ကိုပြောလိုက်တယ်၊ သားတို့ ကျောင်းမပြေးဘူးလို့ တစ်ခါလောက်ပြေးကြည့်ကြမလို့လို့ပြောတာပေါ့ (ပြောသားပဲ လူလိမ္မာလေးတွေပါ ခွင့်တောင်းပြီးမှ လုပ်တာပါဆို)။


သားအဖတွေ သိပ်ညှိရနှိုင်းရခက်တာပဲ။ အဖေက အေး… ဟုတ်ပြီ မုန့်ဖိုးယူသွားဦးမလား၊ လွယ်အိတ်တွေထားခဲ့၊ အဝတ်အစားလဲသွားလေတဲ့ (ဒါက အမေပြောတာ) နေပူထဲလျှောက်မသွားနဲ့ ဦးထုပ်ယူသွားတဲ့…


ကျတော်တို့ကလဲ ပြောပါတယ်… ဟာ အဖေကလဲ ကျောင်းပြေးပါမယ်ဆိုမှ ကျောင်းဝတ်စုံလဲမလဲဘူး၊ လွယ်အိတ်မပြောနဲ့ စာအုပ်တစ်အုပ်တောင် မထားခဲ့ဖူး၊ မုန့်ဖိုးလဲထပ်မယူတော့ဘူး သဘာဝကျကျကျောင်းပြေးပါရစေတို့ ဘာညာပေါ့ဗျာ။ ပြီးတော့ အိမ်နားက ကစားကွင်းနားမှာရှိမယ် ကျောင်းဆင်းချိန်ပြန်လာပါမယ်ပေါ့… (ဒါတော့ပြောရမယ်လေ… ကျောင်းချိန်မှာ ကျောင်းဝတ်စုံတွေနဲ့ ကစားကွင်းထဲရောက်နေရင် လူကြီးတစ်ယောက်ယောက်က ပြန်ဆွဲခေါ်လာရင် ကျောင်းပြေးတဲ့ အစီအစဉ်ပျက်မှာပေါ့။ ပြီးတော့ သွားမဲ့နေရာက ပညာရေးမှူးရုံးနဲ့ ကပ်ရပ်ကစားကွင်းလေ အဖေသိထားတော့ကောင်းတာပေါ့နော်။


ဒါနဲ့ ကစားကွင်းရောက် စုထားတဲ့ ပိုက်ဆံအသစ်လေးတွေနဲ့ မုန့်စား၊ အကြွေစေ့တွေလဲ ဂိမ်းဆော့ပေါ့။ မှတ်မိသေးတယ် အဲ့တုန်းက သုံးလိုက်တဲ့ ပိုက်ဆံထဲမှ ၁၅ ကျပ်တန် အသစ်လေးတွေတောင်ပါသေး (ခုခေတ် မမြင်ရတော့ဘူး)။ ဒါနဲ့ ပိုက်ဆံလဲကုန်၊ အချိန်လဲကုန် ကျောင်းဆင်းချိန်ကြတော့ ကျောင်းကပဲ ပြန်လာသယောင်ယောင်ပေါ့ဗျာ။


ဒါက မှတ်မှတ်ရရ ဘဝမှာ တစ်ခါပဲ လုပ်ဖူးတဲ့ တရားဝင်ကျောင်းပြေးဖူးတာပေါ့ဗျာ (ဘယ်လိုလဲ အစီအစဉ်ချတာ ကောင်းတယ်မလား?)

ဒီလိုပဲ စိတ်ကူးထဲ ပေါ်လာလို့ ချရေးလိုက်တာ အမှတ်ရစရာလေးတွေပေါ့…။


ပြည့်ဖြိုး

အောက်တိုဘာ (၁၇) ၂၀၁၈၊ ည ၁၀း၄၂

 
 
 

Comments


bottom of page