ဆုံစည်းခြင်း
- Pyae Phyo Aung
- Jun 29, 2020
- 1 min read
Updated: Sep 26, 2020

“ဆုံစည်းပြီးရင် ခွဲခွာရမှာ ကြောက်တယ်”
စကားတစ်ခု ကြားဖူးတယ်… တွေ့ကြဆုံကြ၊ ချစ်ခင်ကြ၊ ခွဲခွာကြရတာတွေဟာ လူ့ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးပဲတဲ့။
လူ့တွေဟာ ကိုယ်ပိုင်ခရီးရှည်တစ်ခုကိုသွားနေကြတာပါ။ အဲဒီ့ခရီးက မြစ်တွေလို အကွေ့အကောက်တွေလဲ ရှိတယ်၊ ဒါကြောင့် ဘဝတစ်ဆစ်ချိုးလို့ သုံးနှုန်းကြတယ်ထင်တာပဲ။ တောင်ပေါ်ခရီးစဉ်တွေလို အနိမ့်အမြင့်တွေလဲ ရှိတယ်၊ ဒါကတော့ ငြင်းစရာမလိုပါဘူးနော်။ ဘဝခရီးမှာ အရှေ့ဘက်ကို သွားနေရင်း တစ်ဆစ်ချိုးတော့ အနောက်ဘက်ကို လှည့်လိုက်ရတဲ့ အခိုက်အတန့်တွေ ရှိတာပဲ။ အဲဒီ့မှာ ပိုကောင်းသွားတယ် ပိုဆိုးသွားတယ် ပြောနေကြတာပဲ။ ဟုတ်မှာပါ… အရှေ့ဆက်နင်းစရာ လမ်းမှမရှိတော့ပဲ၊ ဒါ့ကြောင့် အနောက်ဘက်လှည့်ရတာပေါ့၊ မြစ်ကြောင်းတွေလိုပဲ။
တောင်ပေါ်ခရီးစဉ်တွေကရောလို့ မေးလာရင်… အကောင်းအဆိုးတွေလိုပေ့ါလို့ပဲ ဖြေပါရစေ။ ခင်ဗျား တောင်ပေါ်ခရီးစဉ်တွေ သွားဖူးလား? မသွားဖူးရင်လဲ ကျတော် ပြောပြပါရစေ။ ခရီးတစ်ခုသွားရင် လူအများစုက စိတ်အားထက်သန်မှုတွေ ရှိကြတယ်ဗျ။ ဘာလိုမယ် ဘာတွေယူသွားမယ် ဆိုပြီး ပြင်ဆင်ကြတာပဲလေ၊ လမ်းမှာတွေ့တဲ့ သူတွေနဲ့ မိတ်ဖွဲ့မယ်၊ အတွေ့အကြုံသစ်တွေ ရှာဖွေမယ်၊ အရာရာကို စူးစမ်းချင်နေကြမယ်၊ ကလေးတွေလိုပေါ့။
တောင်ပေါ်ခရီးစဉ်တွေကတော့ စိတ်လှုပ်ရှားစရာကောင်းတယ်၊ လိုအပ်တာတွေ မပါသွားရင် နောင်တရတတ်တယ်၊ ဇွဲမရှိရင်လဲ မရဖူး၊ လမ်းတစ်ဝက်လောက်မှ ဒီခရီးကို စမိတာမှားပြီဆိုရင်တော့ သေချာတယ် ခင်ဗျား အချိန်၊ ငွေ၊ စိတ်အားထက်သန်မှုတွေ၊ စွမ်းအားတွေကို ဖြုန်းမိပြီလို့ပဲ ပြောပါရစေ။
ဒါဆို ခင်ဗျားဘာဆက်လုပ်မလဲ? ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဆက်မသွားချင်တော့တာ သေချာရင် ပြန်လှည့်လိုက်၊ ကိုယ့်ကိုကိုယ်လဲ အပြစ်မတင်နဲ့၊ အနည်းဆုံးတွေ ကိုယ်ဘာကြိုက်တယ် ဘာမကြိုက်ဖူးဆိုတာ သိလိုက်ရတဲ့ ကောင်းကွက်လေးတစ်ခုရှိတယ်ဗျ။
ဒုတိယတစ်ခုက ဇွဲနည်းနည်းရှိလိုက်ဗျာ၊ စထားပြီးတဲ့လမ်း ဆုံးအောင်လျှောက်မယ်လို့။ ဒါဆို ခင်ဗျား ခြေလှမ်းတွေအတွက် အင်အားတွေရှိလာမယ်။ ပတ်ဝန်းကျင်ကို စူးစမ်းရင်း လေအေးအေးလေးတွေ၊ ရှူခင်းတွေ၊ သဘာဝအငွေ့အသက်တွေ ခံစားမိလာမယ်၊ နောက်ပြန်ဆုတ်ချင်တဲ့ စိတ်တွေ ခြေလှမ်းတိုင်းမှာ ကျန်ခဲ့လိမ့်မယ်၊ လမ်းသွားရင်း လူတွေကို ပြုံးပြတတ်လာမယ်၊ တစ်ခရီးထဲသွား မိတ်ဆွေသစ်တွေ ရချင်ရလာမှာပေ့ါဗျာ။
တောင်တစ်လုံးကို စတက်မယ်၊ တက်နေရင်း ပျော်လာမယ်၊ အမြင့်ဆုံးရောက်ရင် အလှဆုံးအရာတွေကို ခံစားမိလာမယ်။ ဒါပေမဲ့ အမြင့်ဆုံးရောက်ပြီးရင် အနိမ့်ဖက်ကို ခြေလှမ်းတွေပြန်လှည့်ရမယ်။ အကောင်းတွေပြီးရင် အဆိုးတွေလာမယ်လို့တော့ မပြောချင်ဘူးဗျာ။ အကောင်းတွေ အရောင်ဖျော့လာမယ်လို့ပဲ ပြောပါရစေ။
နောက်ထပ် နားနေစခန်းတစ်ခုရောက်ရင် နောက်ခရီးတစ်ထောက်အတွက် ခင်ဗျားပြန်ပြင်ဆင်ပေါ့ဗျာ၊ရေတို့စားစရာတွေလို လိုတာတွေထပ်ဖြည့်ပေါ့၊ နောက်တစ်ထောက်မှာ ဘယ်လိုမိတ်ဆွေသစ်တွေ ဘယ်လိုအတွေ့အကြုံသစ်တွေ ထပ်ရမလဲ ဆိုတာတော့ ဝှက်ဖဲတစ်ချပ်ပေါ့ဗျာ၊ ခင်ဗျားလို ဆက်သွားချင်တဲ့သူရှိမယ်၊ ဒါမှမဟုတ် အခုနားနေရာမှာပဲ ခရီးစဉ်ကို အဆုံးသတ်လိုက်မဲ့သူတွေလဲ ရှိတယ်။ ဒီတော့လဲ ပြီးခဲ့တဲ့ ခရီးက မိတ်ဆွေတွေကို ပွေ့ဖက်နှုတ်ဆက်ပြီး ဆက်သွားပေ့ါဗျာ။
ခြေလှမ်းတွေ လှမ်းတဲ့အခါ ဘယ်ပြီးရင် ညာလှမ်းရတယ်၊ ကပ်သတ်ပြောရအောင်… ခြေတစ်ဖက်ထဲခုန်သွားမယ်လို့၊ ရပါတယ် ခုန်ပါဗျာ၊ ခင်ဗျားလေ့ကျင့်ထားရင်တော့ ဝေးဝေးခုန်သွားနိုင်မှာပေါ့။ လူ့ဘဝခရီးရှည်တွေမှာ အလှည့်အပြောင်းတွေ ရှိနေတယ်ဗျ။ မြစ်တွေလို ဘယ်ကွေ့ညာကွေ့တွေ၊ တောင်တွေလို အတက်အဆင်းတွေ၊ ခြေလှမ်းတွေလို ဘယ်ညာတွေပေါ့ဗျာ…။
ကျတော်ငယ်ငယ်ကတော့ ခွဲခွာရခြင်းတွေရဲ့ ဝေဒနာတွေကို မလိုချင်လို့ ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာတွေရောက်ရင် ဆုတောင်းလေ့ရှိခဲ့ဖူးတယ်၊ “သံယောဇဉ်ကြောင့်၊ ချစ်ခြင်းမေတ္တာကြောင့် ပူလောင်ခြင်းတွေ ကင်းဝေးရပါစေ” လို့ပေ့ါ။
ကလေးဘဝတွေမှာ ဆုတောင်းရင်း ပြည့်တတ်တာလား? ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာတွေကြောင့်လား? ခွဲခွာခြင်းတွေ များခဲ့လို့ အရေထူသွားလား? ကျတော် မပြောတတ်တာ အမှန်ပါ။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ ဆုတောင်းပြည့်ခဲ့ပါတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဆိုတဲ့ အရာကတော့ ကျတော့်ကို ရာနှုန်းပြည့် မစွမ်းဆောင်နိုင်ဖူးပေါ့ဗျာ…။
ငယ်ငယ်က Game ကစားရင် အပြီးတိုင် နောက်ဆုံးခန်းက Boss ကို အနိုင်ရပြီး ကစားဖော်တွေကြားမှာ “ငါ ဒီ Game ကို အဆုံးထိ Game ပြီးပြီ” လို့ပြောလေ့ရှိကြတယ်။ ဒါဆိုတစ်ယောက်ယောက်က ပြောလိမ့်မယ့် “င့ါမှာ ဂိမ်းအသစ်ရှိတယ်၊ မင်းဆော့ကြည့်လေ” တဲ့။
အရွယ်ရောက်လာမှ ခံစားမိလာတယ်။ Game Over က အဓိကမဟုတ်ပါဘူး၊ Game Play ကသာ အရသာအစစ်ပါ၊ ကစားနေရတဲ့ အချိန်တွေကို အမြန်မပြီးချင်ပါနဲ့ဗျာ။
တစ်ကယ်တော့ ကျတော်ဟာ Game ထဲက ခရီးသွားတစ်ယောက်မျှသာ…
ပြည့်ဖြိုး
မတ် (၁၉) ၂၀၁၈၊ ညနေ ၄း၁၈
Comments