top of page

ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၂)

Updated: Sep 26, 2020


ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၂)


သည်နေ့ နေ့လယ် ထမင်းစားချိန်မှာ ရုံးက အကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ လုပ်ငန်းခွင်က အဖြစ်အပျက်လေးတွေအကြောင်း၊ အလွဲလေးတွေအကြောင်း၊ သဘောထားအမြင်တွေအကြောင်း (၁၅) မိနစ်လောက် အားလူးဖုတ်ဖြစ်ကြတာပေါ့ဗျာ…


သည်လိုပြောရင်းနဲ့ တစ်ချိန်က ကျွန်တော် ခုံခုံမင်မင်လေ့လာသင်ယူပြီး အလုပ်လုပ်ခဲ့ဖူးတဲ့ ကွန်ပြူတာ (Computer) အလုပ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြန်ပြောပြဖြစ်တယ်။ ကျွန်တော်တို့အလွယ်ခေါ်ကြတာတော့ IT Field ပေါ့။


Computer ပညာရပ်တွေကို စပြီး သင်ယူဖြစ်တော့ အသက် (၁၆) နှစ်မှာပေါ့ ဆယ်တန်းစာမေးပွဲ ဖြေပြီးပြီးချင်းဆိုပါတော့… ကွန်ပြူတာပိုးစဝင်ပြီလို့ ကျွန်တော့် ဆရာမတွေကပြောကြတာပေါ့… တစ်နေ့တစ်နေ့ KMD Computer Center မှာပဲအချိန်ဖြုန်း သင်တန်းတွေတက်၊ သိချင်တာတွေကို တွေ့သမျှ ဆရာတွေကို လိုက်မေး။ Computer ဆိုတာကြီးက ကျွန်တော့်အတွက် အရမ်းထူးဆန်းနေခဲ့တာပေါ့။ နောက်တော့လဲ သင်တန်းတွေပြီးတော့ KMD မှာပဲ အလုပ်ဆက်ဝင်ပြီး ဆက်လေ့လာတယ်။ အသက် (၁၆) နှစ်မှာပဲ သင်တန်းတွေမှာ အကူဆရာအဖြစ်ဝင်လုပ်ခဲ့တယ်။ လေး ငါးလကြာတော့ ကွန်ပြူတာ Hardware စနစ်တွေအကြောင်း စပြီးရင်းနှီးလာတယ်။ နောက်ပိုင်းတော့ ကိုယ့်ကိုကိုယ် ကျွမ်းကျင်တယ်လို့ လက်ခံနိုင်လာတဲ့ အဆင့်ထိဖြစ်လာတယ်။ အလုပ်ခွင်ထဲမှာ Senior အကို အမတွေ၊ ဆရာ ဆရာမတွေ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လေးလေးစားစား ဆက်ဆံသင်ယူခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က သည်ပညာကို အရမ်း သိချင်တတ်ချင် အလေးထားလွန်းလို့လား မသိဘူး… လူမှုဆက်ဆံရေးမှာ ပြေပြေပြစ်ပြစ်ဆက်ဆံတက်မှု အားနည်းတယ်။ တစ်ခုခုကို အလေးအနက် စဉ်းစားပြီး လုပ်နေပြီဆိုရင် တစ်ယောက်ယောက်က လာခေါ်ပြီဆိုရင် မကြိုက်တော့ဘူး။ ထမင်းစားဖို့မေ့သွားတတ်တယ်။ တစ်ခါတစ်လေ အော်မိတယ်။ ကိုယ်တိုင်ကတော့ မသိဘူး ဘယ်လိုတုံ့ပြန်မိတယ်ဆိုတာကိုပေ့ါ။ ဒါပေမဲ့ ဘယ်သူကို ဘာပြန်ပြောမိတယ်ဆိုတာလဲ မမှတ်မိဘူး ပြောပြီးပြီးချင်းပဲ အာရုံက စဉ်းစားနေတဲ့ အကြောင်းအရာထဲပြန်ရောက်သွားတယ်။ ကိုယ်တိုင် အဲ့လို့ဖြစ်တက်တော့ Senior တွေအလုပ်လုပ်နေပြီဆို ဘာမှသွားမမေးတော့ဘူး အနားကပဲ ထိုင်ကြည့်နေတတ်တယ်။ သိချင်ရင် လက်ထဲက မှတ်စုစာအုပ်လေးနဲ့ မှတ်ထားတယ်။ လက်ဖက်ရည်သောက်ချိန်ဆိုရင်တော့ Senior တွေ နာဖို့သာပြင်တော့ တရစပ်ကို မေးတာပဲ။ မရှင်းသေးရင် Computer ရှေ့ရောက်တာနဲ့လက်တွေ့သင်ပေးဖို့သာ ပြင်ပေတော့ပဲ။ အဲ့လိုလဲ Senior တွေ၊ ဆရာ ဆရာမတွေကို ကျွန်တော် နှိပ်စက်ခဲ့ပါသေးတယ်။


အရမ်းချစ်စရာကောင်းတာက မေးလွန်းလို့ စိတ်ပျက်တာမျိုးထက် ပြန်သင်ပေးရတာကို သူတို့ အရမ်းသဘောကျကြတယ်။ တစ်ခါတစ်လေ မစဉ်းစားခဲ့မိတာတွေကအစ ရှာဖွေတွေ့ရှိသွားတာမျိုးပေါ့။ အဲ့သည့်အချိန်က Internet ဆိုတာ ဘယ်သူမှ လက်တွေ့ မသုံးဖူးကြသေးတဲ့အချိန်လေ။ Project တစ်ခုလုပ်ပြီဆိုရင် Coding တွေရေးကြပြီဆိုပါတော့ Supervisor တွေက အရမ်းချစ်စရာကောင်းတာက ငါ့ Code တွေ သူယူရေးတယ်၊ ငါ Style သူကူးတယ် ဆိုတာမျိုးလုံးဝမရှိဘူး။ Supervisor အချင်းချင်း “မင်းအခက်အခဲရှိရင် သည်လိုရေးကြည့်ပါလား၊ ဟိုလိုလေးရေးကြည့်ပါဦး” ဆိုတာမျိုး၊ “ငါ Project ရေးနားတဲ့ အချိန် မင်း Project Error ကို ငါကူရှာပေးမယ်” ဆိုတာမျိုး၊ “ငါ Software အသစ်ရလို့ သုံးရတာ အဆင်ပြေတယ်၊ မင်းတို့ စမ်းသုံးကြည့်ဦး”၊ “ငါတို့ error တွေကို ဖြေရှင်းလို့ရမဲ့ Solution အသစ်တွေတွေ့ထားတယ် မင်းတို့အသုံးတည့်နိုင်တယ် ဆိုတာမျိုး”၊ အသစ်အဆန်းတစ်ခုခုတွေရင် အားလုံးပေါင်းပြီး Develop လုပ်ကြတာမျိူးတွေပေါ့…. အရမ်းချစ်စရာကောင်းတဲ့ လုပ်ငန်းခွင်၊ မိသားစု လုပ်ငန်းခွင်ဆိုတာမျိုးပေါ့။


နောက်တော့ ကျွန်တော်တို့ လေ့လာသင်ယူမှုတွေအတွက် အခွင့်အလမ်းသစ်တွေပေါ်လာတာက MICT Park (Myanmar Info-Tech) ပေါ်လာပြီး နှစ်ပတ်လည်နေ့တွေ၊ ICT Fair တွေ၊ Software ပြိုင်ပွဲတွေ၊ Seminar တွေလုပ်နဲ့ ကျွန်တော့်အတွက် အချိန်ကို အကျိုးရှိရှိ ဖြုန်းစရာနေရာပေါ့။ ပြည်ပက ပညာရှင်တွေ၊ အလုပ်လုပ်ပြီး ပြန်လာသူတွေ ရဲ့ ဗဟုသုတတွေကို ရနိုင်တဲ့ ဆိတ်ငြိမ်တဲ့နေရာတစ်ခုဖြစ်လာတယ်။ အဲသည့်နေရာကို ရောက်ရင် ကိုယ့်ကိုကိုယ်လေပေါ်မြောက်နေသလိုခံစားရတယ်။ သူငယ်ချင်းတွေလဲ အများကြီး ရှိတယ်။ မြန်မာပြည်က နာမည်ကြီး IT Company က ပညာရှင်အစုံရှိတယ်။


MICT Park (Myanmar Info-Tech) မှာ အားလုံးကိုယ့်အလုပ်ကိုယ့်လုပ်ကြတယ်။ ပညာရှင်ခြင်း လေးလေးစားစားဆက်ဆံကြတယ်။ IT Field ထဲမှာ အသက်အရွယ်၊ အတွေ့အကြုံဘယ်လောက်ရှိတယ်ဆိုတာက အဓိကမကျဘူး။


ကျွန်တော်တကယ်ပြောချင်တာက သည်အကြောင်းပါ။ ဆိုကြပါစို့ အတွေ့အကြုံတွေထဲက တစ်ခုကို ပြောပြပါမယ်။ သည်အတွေ့အကြုံက ကျွန်တော်တစ်ယောက်ထဲကြုံတာမဟုတ်သလို လူတိုင်းကြုံဖူးတယ်။ လူတိုင်းလဲလက်ခံထားတဲ့ အကြောင်းအရာတစ်ခုပါ။ IT Field ထဲမှာ တစ်ဦးနဲ့တစ်ဦး လေးစားတာ၊ ပညာရပ်တွေအပေါ်၊ လူတွေအပေါ်မှာ ခွဲခြားမှုတွေမရှိရခြင်းရဲ့ ရှူ့ထောင့်တစ်ခုကို ထုတ်ဖော်ပြချင်တာပါ။


Seminar တွေမှာ ပညာရှင်ဆိုတဲ့သူတွေက အသက်ဘယ်လောက်တွေ၊ အတွေ့အကြုံဘယ်လောက်ရှိတယ်၊ နိုင်ငံတကာကလက်ခံတဲ့ Certificate တွေဘယ်လောက်ရထားမယ် လို့ထင်သလဲဗျ?


အလယ်တန်းကျောင်းသား အရွယ်ကနေ၊ အသက်ငါးဆယ်ကျော်တွေအထိပါတယ်၊ အတွေ့အကြုံကွဲပြားမှုကလဲ အစုံပဲ၊ လက်မှတ်မရှိတဲ့ လူကနေ လက်မှတ်ပေါင်းများစွာကိုင်ထားပြီး နိုင်ငံတကာကသိတဲ့လူတွေတောင်ပါသေး…။ သည်လောက်ကွဲပြားနေတဲ့ လူတွေဘာလို့တစ်ဦးကိုတစ်ဦး လေးလေးစားစားဆက်ဆံလဲဆိုတဲ့ အဖြေကတော့….


အတွေ့အကြုံ အနှစ်နှစ်ဆယ်လောက်ရှိတဲ့လူက မသိတဲ့အချက်ကို အလယ်တန်းကျောင်းသား Computer မြင်ဘူးတာ နှစ်နှစ်လောက်ပဲရှိတဲ့ ပညာရှင်ပေါက်စလေး သိနေတာမျိုးလဲရှိတယ်။ ပညာရှင်ပေါက်စလေး မှာ မရှိနိုင်တဲ့ တွေ့အကြုံတွေကို ပညာရှင်ကြီးတွေက ပိုင်ဆိုင်ထားနိုင်တယ်ဗျာ။ Seminar တစ်ခုမှာ တကယ့် ပညာရှင်ကြီးတွေက လူတိုင်းနားလည်လွယ်အောင် မရှင်းတတ်တာမျိုးကို လူငယ်တစ်ဦးက ကူညီပြီး ရှင်းပြသွားတာမျိုးလဲရှိတယ်။ လေ့လာသင်ယူတဲ့ လမ်းကြောင်း ကိုင်တွယ်အသုံးပြုတဲ့ Application, Software, Tool လဲ မတူနိုင်တာတွေကြောင့် လူတစ်ဦးက အလုံးစုံ မသိနိုင်၊ မဖြေရှင်းနိုင်တာတွေလဲရှိတယ်ဗျာ။ ကျွန်တော်ထပ်ပြောပြရရင် နိုင်ငံတကာ IT လုပ်ငန်းခွင်တွေက လက်ခံတဲ့ တကယ့် Certificate တွေကို ပညာရှင်ကြီးတွေက ကိုင်ထားနိုင်သလို၊ ချာတိတ်လေးတွေကလဲ ပိုင်ဆိုင်ထားနိုင်ကြလို့ပဲ။


ဒါကြောင့် တစ်ဦးမသိနိုင်တာကို တစ်ဦးက သိနိုင်တယ်။ ဘယ်သူမှ မပြည့်စုံနိုင်ဘူး။ Seminar တစ်ခုမှာဘေးခြင်းယှဉ်ထိုင်နေတာက ကလေးဖြစ်လို့ လူကြီးဖြစ်လို့ဆိုပြီး မလေးမစားလုပ်လို့မရဘူး။ ကိုယ့်ဘေးကလူက ကိုယ်ထက် ပညာပိုင်း၊ တွေးခေါ်မှုပိုင်း၊ တစ်နေရာရာမှာ ကိုယ့်ထက်သာနေနိုင်တယ်၊ ကိုယ့်ထက်သိနေနိုင်တယ်ဆိုတာကို IT Field ထဲက လူတိုင်းလက်ခံထားပြီး အားလုံးကို အမြဲ လေးလေးစားစား ဆက်ဆံကြတယ်။ အသိပညာတွေ၊ အတတ်ပညာတွေကို ဝေမျှကြတယ်။ Knowledge Sharing ပေါ့ဗျာ။ သည်ဓလေ့တွေကို IT Field ကလာတာ မဟုတ်သူတွေ တချို့ နားမလည်နိုင်ကြဘူး။


ကျွန်တော်နဲ့ လက်တွဲလုပ်ခဲ့ကြတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေဆိုရင် ညီအကိုရင်းတွေလိုပဲ။ သည်နေ့သည်အချိန်ထိ ဘယ်နေရာရောက်ရောက် ကျွန်တော်တို့ကြားမှာ အဆင့်အတန်း၊ ပညာ၊ အသက်အရွယ်၊ အတွေ့အကြုံ၊ ကုန်ကုန်ပြောရရင် ဘာတွေနဲ့မှ ခွဲခြားမဆက်ဆံကြဘူး။ ညီအကို မောင်နှမအရင်းတွေလိုပဲ… သည်လိုစိတ်ဓာတ်မျိုးကို Professional စိတ်ဓာတ်လို့ခေါ်မလားတော့ ကျွန်တော် မပြောတက်ဘူးဗျာ…


ဝမ်းနည်းစရာကောင်းတာကတော့ တခြားလူမှုအသိုင်းအဝန်းတွေမှာ သည်လိုလေးစားမှုမျိုး၊ စိတ်ဓာတ်မျိုး သိပ်မတွေ့ရဘူးဗျာ……


Pyae Phyo

28 March 2014

3:11 PM

 
 
 

Comentários


bottom of page