ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၁)
- Pyae Phyo Aung
- Jul 11, 2020
- 1 min read
Updated: Sep 26, 2020

ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၁) ကျွန်တော်တို့ အလယ်တန်းကိုစတက်တဲ့ အချိန် ရန်ကုန်မြို့ကျောင်းတွေမှာ ကွန်ပြူတာခန်းတွေ အပြိုင်အဆိုင်ဖွင့်ကြတဲ့အချိန်ပါ။ အဲ့သည့်တုန်းက ကွန်ပြူတာခန်းကို ကျွန်တော်တစ်ခါမှ မရောက်ဖူးခဲ့ဘူး။ ဝင်ခွင့်မရခဲ့လို့ပါ။ ကျွန်တော့် အကိုကတော့ ကျွန်တော့်ထက်သာပါတယ်။ သူ့ရဲ့ သူငယ်ချင်းကောင်းမှုနဲ့ ကွန်ပြူတာခန်းထဲဝင်ကြည့်ခဲ့ဖူးပါတယ်။ ဈေးနှုန်း အရမ်းကြီးမြင့်တဲ့ စက်တစ်လုံးဆိုတော့ သူ ကိုင်တွယ်မကြည့်ရဲခဲ့ဘူး။ တစ်ပတ်တစ်ကြိမ် အိမ်ရောက်တိုင်း ကွန်ပြူတာခန်းထဲရောက်ခဲ့တိုင်း သူ တွေ့ခဲ့မြင်ခဲ့သမျှ အထူးအဆန်းတွေကို အားတက်သရော မနားထောင်ချင်လဲမရရအောင် ပြောပြခဲ့တယ်။ အဲ့သည့်အချိန်ထဲက ကျွန်တော့်ဆီမှာကွန်ပြူတာနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ နည်းပညာတွေ၊ မှော်ဆန်တဲ့ လုပ်ဆောင်ချက်တွေရဲ့ပိုးက ကူးစက်စပြုလာပါတယ်။ ဒါပေမယ့် ရပ်ကွက်တစ်ခုမှာ ကွန်ပြူတာပိုင်တဲ့ အိမ်သုံးလေးအိမ်ပဲရှိတဲ့ခေတ်မှာ ကျွန်တော်တို့ နီးစပ်ခွင့်မရခဲ့ပါဘူး။ အဲ့သည့် အားမလို အားမရစိတ်၊ မခံချင်စိတ်ကပဲ ကျွန်တော့်ကို ဆယ်တန်းဖြေအပြီး ကွန်ပြူတာသင်တန်းတွေတက်တဲ့အချိန်မှာ တစ်ကိုယ်လုံးကိုဖမ်းစားပြီး ကွန်ပြူတာရူး၊ နည်းပညာရူး တစ်ယောက်လိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အကို အလယ်တန်းကျောင်းသားဘဝကနေ အထက်တန်းကျောင်းသားဘဝ ကူးတဲ့အချိန်ကစပြီး သူ့ကိုဖမ်းစားခဲ့တဲ့ ကွန်ပြူတာနဲ့ နီးစပ်ခွင့်မရခဲ့တဲ့အပြင်အထက်တန်းပညာရေးကြောင့် သူဆက်လေ့လာခွင့်မကြုံခဲ့ပါဘူး။ လျှပ်စစ်ပညာ ကျွမ်းကျင်တဲ့ သူ့ရဲ့သူငယ်ချင်းအိမ်ကိုတော့ သူအမြဲသွားခဲ့ပြီး ကြုံရင်ကြုံသလို လေ့လာခဲ့ပေမယ့် အရမ်းအလှမ်းဝေးတဲ့ပစ္စည်းတစ်ခုကို ချဉ်းကပ်ဖို့ သူ့မှာအင်အားမရှိခဲ့ပါဘူး။ စိတ်ကူးလဲဆက်မယဉ်တော့တာပါ။ ကျွန်တော်ကတော့ စူးစမ်းလိုစိတ်ရော၊ သိချင်တက်ချင်စိတ်နဲ့ မခံချင်စိတ်ပါ ပေါင်းပြီးကွန်ပြူတာနည်းပညာကို အတိုင်းအတာတစ်ခုထိ နက်နက်နဲနဲ သိမြင်တက်ကျွမ်းခဲ့ပါတယ်။ ကျွန်တော်ဝမ်းနည်းတာက ကျောင်းတွေမှာအပြိုင်အဆိုင်ဖွင့်ကြတဲ့ ကွန်ပြူတာခန်းဆိုတာ ပကာသနပစ္စည်းတစ်ခုဖြစ်နေပြီး ထိတွေ့ကိုင်တွယ်ခွင့်မရခဲတာကြောင့်ကျွန်တော်အကိုလို ကျောင်းသားပေါင်း လေ့လာစူးစမ်းဖို့ ဘယ်လောက်တောင် အခွင့်အရေးဆုံးရှူံးခဲ့မလဲ? အဲ့သည့်လိုသာမဖြစ်ခဲ့ရင်ကျွန်တော်တို့နိုင်ငံမှာ Steve Jobs (Apple), Steve Wozniak (Apple), Jonathan Ive(Apple), Larry Page (Google), Sergey Brin (Google), Bill Gates (Microsoft),Paul Allen (Microsoft), Steve Ballmer (Microsoft), Micheal Dell (Dell), MarkZuckerberg (Facebook) တို့လို နည်းပညာရှင်တွေ တီထွင်မှု ပါရမီရှင်တွေ ဘယ်လောက်တောင်ထွက်ခဲ့မလဲလို့ပါ???? “ကျွန်တော်တို့က ခေတ်နောက်ကိုလိုက်တဲ့သားကောင်တွေ ဖြစ်နေပြီး ခေတ်တစ်ခုကို မဖန်တီးနိုင်သေးပါဘူး” ဘာပဲပြောပြောပါ ကျွန်တော်သိခဲ့တဲ့ဗဟုသုတတွေနဲ့ အကို့ကြောင့် ကျွန်တော် သည်လမ်းကြောင်းပေါ်ကနေတစ်ဆင့် လျှောက်လှမ်းနိုင်ခဲ့တဲ့အတွက် တစ်သက်တာ ကျေးဇူးတင်နေမိပါတယ်။ Pyae Phyo 22 October 2013 6:59 AM
Kommentare