top of page

Susan Wojcicki (သို့) အမေရိကန် ICT လောကရဲ့ သြဇာကိတ္တမကြီးမားတဲ့ အမျိုးသမီးတဦး

Susan Wojcicki (ဆူဆန်ဝေါ်ဂျစ်စကီ) ရဲ့ အကြောင်းကို သိတဲ့သူတွေရှိသလို၊ သူ့နာမည်ကို အခုမှကြားဖူးသူတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန် ICT လောကရဲ့ နာမည်ကျော် Silicon Valley မှာတော့ သူမရဲ့ နာမည်ကို မသိသူမရှိကြပါဘူး။ သူမကို Google တည်ထောင်သူတွေကို အိမ်ငှားပေးခဲ့တဲ့ အမျိုးသမီးအဖြစ်ကနေ အခု Youtube ရဲ့ CEO အဖြစ် လူတိုင်းက သိကြတာဖြစ်ပါတယ်။



ဆူဆန်ဝေါ်ဂျစ်စကီဟာ ကယ်လီဖိုးနီးယားပြည်နယ် Palo Alto က Standford တက္ကသိုလ်ဝန်းထဲမှာ နေထိုင်ရင်း ကြီးပြင်းလာခဲ့တာပါ။ သူမရဲ့ ဖခင်ဖြစ်သူ စတန်လေဝေါ်ဂျစ်စကီဟာ တက္ကသိုလ်ရဲ့ ရူပဗေဒဌာနမှူးဖြစ်ပြီး မိခင်ဖြစ်သူ အက်စ်တာ ကတော့ Palo Alto အထက်တန်းကျောင်းမှာ ဂျာနယ်လစ်ပညာကို သင်ကြားပေးတဲ့ ဆရာမတဦးပါ။


ဆူဆန်ဟာ မွေးချင်းညီအစ်မ (၃)ဦးအနက် အကြီးဆုံးဖြစ်ပြီး ဂျဲနက် နဲ့ အန်း ဆိုတဲ့ ညီမ (၂)ဦးရှိပါတယ်။ ညီမအငယ်ဆုံး အန်းဝေါ်ဂျစ်စကီ ဟာ Google ရဲ့ ပူးတွဲတည်ထောင်သူ ဆာဂျီဘရင်နဲ့ လက်ထပ်ခဲ့ပေမဲ့ အခုတော့ ကွာရှင်းလိုက်ပါပြီ။



ဆူဆန်ဟာ ဟားဗက်တက္ကသိုလ်မှာ သမိုင်းစာပေ ပညာကိုစတင်ဆည်းပူးခဲ့ပေမဲ့ နောက်ပိုင်းမှာ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို ပြောင်းလဲ သင်ကြားခဲ့ပါတယ်။ ဒါ့အပြင်သူမဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ စီးပွားရေးဘာသာရပ်နဲ့ မဟာဘွဲ့ကို ရခဲ့သလို၊ UCLA’s Anderson School of Management ကနေ MBA ဘွဲ့ကိုလည်း ရရှိထားပါတယ်။


MBA ရပြီး ၁၉၉၈ ခုနှစ်မှာ ဆူဆန်ဟာ Palo Alto Bay Area မှာ အိမ်တလုံးကို ဒေါ်လာ(၆)သိန်းနဲ့ ဝယ်ခဲ့ပါတယ်။ အဲဒီအိမ်အတွက် ဝယ်စရိတ် ကိုကာမိဖို့ အိမ်ရဲ့ဂိုဒေါင်ကို Standford တက္ကသိုလ်ကကျောင်းသား(၂)ဦးဖြစ်တဲ့ လယ်ရီပေ့ချ် နဲ့ ဆာဂျီဘရင်တို့ကို ငှားခဲ့ပြီး အဲဒီကနေ Google ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ ဆူဆန်ဟာ Google ရဲ့ (၁၆)ယောက်မြောက် ဝန်ထမ်းဖြစ်လာခဲ့ပြီး Google ရဲ့ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ဖြစ်လာခဲ့ ပါတယ်။



Google ရဲ့ Main Page မှာ အထိမ်းအမှတ်နေ့တွေဆိုရင် doodles လေးတွေကို တွေ့ရမှာပါ။ အဲဒါဟာ ဆူဆန်ရဲ့ ပထမဆုံး ပရောဂျက်တွေ ထဲက တခုကနေ မြစ်ဖျားခံလာခဲ့တာပါ။


အခု Digital Marketing လောကရဲ့ မရှိမဖြစ် Google Adsense ဟာလည်း ဆူဆန်ရဲ့ အိုင်ဒီယာပါပဲ။ ၂၀၀၃ ခုနှစ်မှာ သူမရဲ့ အကြံပေးမှုက နေ Google Adsense စတင်ဖြစ်ပေါ်လာခဲ့ပြီး အခုတော့ ကမ္ဘာတဝှမ်းက ဝက်ဘ်ဆိုက်ဒ်ပေါင်း (၁၁)သန်းကျော်ဟာ Google Adsense ကို အသုံးပြုနေပြီဖြစ်သလို၊ ၂၀၁၇ ခုနှစ်က အချက်အလက်တွေအရ Google ဟာ Adsense ကနေ အမြတ်ငွေ ဒေါ်လာ(၉၅)ဘီလီယံကျော် ရရှိခဲ့ပါတယ်။



၂၀၀၆ ခုနှစ်မှာ ဆူဆန်ဟာ Youtube ဝက်ဘ်ဆိုဒ်ရဲ့ အလားအလာကို စတင်မြင်တွေ့ခဲ့ပြီး Google တည်ထောင်သူတွေဖြစ်တဲ့ ပေ့ချ် နဲ့ ဘရင်တို့ကို Youtube ကိုဝယ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒေါ်လာ(၁.၆၅) ဘီလီယံနဲ့ Google က ဝယ်ယူခဲ့တဲ့ Youtube ဟာ အခုတော့ ဒေါ်လာ (၁၆၀)ဘီလီယံ တန်ကြေးရှိနေပါပြီ။


၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ ဆူဆန်ဝေါ်ဂျစ်စကီးဟာ Youtube ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ဦးဆောင်မှုနဲ့အတူ Youtube ဟာ လစဉ်အသုံးပြုသူ (၁.၈) ဘီလီယံအထိရှိလာခဲ့ပြီး ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရေပန်းအစားဆုံး ဆိုရှယ်မီဒီယာတခု ဖြစ်လာခဲ့ပါတယ်။



ဆူဆန်ဟာ အလုပ်ခွင်ထဲမှာ အမျိုးသား-အမျိုးသမီး ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့ အမြဲမပျက်တွန်းအားပေးနေတဲ့သူ တယောက်လည်း ဖြစ်ပါတယ်။


ဆူဆန်ဝေါ်ဂျစ်စကီးဟာ Forbes ကရွေးချယ်တဲ့ ၂၀၁၈ အတွက် စူပါပါဝါအမျိုးသမီးစာရင်းမှာ အဆင့်(၇) ချိတ်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ သန်း(၄၈၀)ဖြစ်တယ်လို့ သိရပါတယ်။


Comments


bottom of page