top of page

ဂိုဒေါင်ထဲကနေ အစပြုခဲ့ကြတဲ့ နာမည်ကျော် ကုမ္ပဏီတွေ

သင့်ရဲ့ စိတ်ကူးတွေကိုအကောင်အထည်ဖော်ဖို့၊ လုပ်ငန်းတွေကို အစပြုဖို့ ရုံးခန်းကောင်းကောင်းလိုနေတယ်လို့ တွေး နေပြီလား။ ပြန်စဉ်းစားပါဦး။ အခု နာမည်ကျော်ကုမ္ပဏီကြီးတချို့က ရုံးခန်း ကြီးကြီး၊ လှလှ၊ သန့်သန့်တွေကနေ စခဲ့ တယ်လို့ ထင်နေရင်မှားသွားပါလိမ့်မယ်။


Apple



လက်ရှိကမ္ဘာပေါ်က တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Apple ကုမ္ပဏီကို ၁၉၇၆ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့မှာရှိတဲ့ စတိဗ်ဂျော့ဖ်ရဲ့ မွေးစားမိဘတွေရဲ့အိမ်က ဂိုဒေါင်ထဲမှာ အစပြုခဲ့တာပါ။ စတိဗ်ဂျော့ဖ် နဲ့ သူငယ်ချင်းဖြစ်သူ စတိဗ်ဝေါ့ဇ်နစ်တို့ရဲ့ Apple ကုမ္ပဏီအတွက် ပထမဆုံးအမှာစာက ဒေသတွင်း အိုင်တီလက်လီ ဆိုင်တခုအတွက် ကွန်ပြူတာ အရေအတွက် (၅၀)ပါ။ တခုကို ဒေါ်လာ(၅၀၀)ပေးတဲ့ အဲ့ဒီအော်ဒါကို ရက်ပေါင်း (၃၀) အတွင်း ပေးနိုင်ခဲ့ပါတယ်။ စတိဗ်ဂျော့ဖ် ကြီးပြင်းခဲ့တဲ့ အဲဒီအိမ်ကတော့ လက်ရှိအချိန်မှာ မြို့ရဲ့ သမိုင်းဝင်နေရာအဖြစ် မှတ်တမ်းတင်ခံထားရတယ်လို့ သိရပါတယ်။


Hewlett-Packard



Apple ကုမ္ပဏီစခဲ့တဲ့နေရာနဲ့ (၁၀)မိုင်လောက်ဝေးတဲ့နေရာမှာပဲ Hewlett-Packard(HP) ကုမ္ပဏီကို စတင်ခဲ့တာပါ။ ၁၉၃၉ ခုနှစ်က စတန်းဖို့ဒ်ကျောင်းဆင်းတွေဖြစ်တဲ့ Bill Hewlett နဲ့ Dave Packard တို့က သူတို့ငှားရမ်းနေထိုင်တဲ့ အိမ်ရဲ့နောက်က ၁၂x၁၈ ပေ အကျယ်ရှိတဲ့ ဂိုဒေါင်ထဲမှာ HP ရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ HP Audio Oscillator ကို ထုတ်လုပ်ခဲ့ပါတယ်။ HP ရဲ့ Audio Oscillator တွေကို ပထမဆုံးဝယ်ယူခဲ့တဲ့ ဖောက်သည်ကတော့ Disney ကုမ္ပဏီ ကဖြစ်ပြီး သူတို့ရဲ့ Fantasia ရုပ်ရှင်ပြသတဲ့ ရုံတွေမှာ surround sound system အပြည့်အဝရဖို့အတွက် အရေအ တွက် (၈)ခု မှာယူတပ်ဆင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အဲဒီဂိုဒေါင်ကို ပြတိုက်အဖြစ်ဖွင့်လှစ်ထားပြီး Silicon Valley ရဲ့ မွေးဖွားရာဒေသအဖြစ်လည်း လူသိများနေပါပြီ။


Amazon



Wall Street က အောင်မြင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတခုမှာ ဒုတိယ ဥက္ကဌအဖြစ် ရာထူးတိုးခံရပြီး (၄)နှစ် အကြာမှာပဲ Jeff Bezos တယောက် အလုပ်ကထွက်ခဲ့ပြီး ကိုယ်ပိုင်အလုပ်စတင်ဖို့ စီစဉ်ခဲ့ပါတယ်။ စာအုပ်ဖြန့်ချီရေး နယ်ပယ်ထဲမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သူ့ရဲ့ပထမဆုံးအွန်လိုင်းစာအုပ်ဆိုင် Amazon အတွက် software ကို ဝါရှင် တန်ပြည်နယ်၊ Bellevue မြို့ သူ့အိမ်ရဲ့ ဂိုဒေါင်ထဲမှာ စတင်ရေးသားခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ Amazon အတွက် ပထမဆုံးစာအုပ်ကို စတင်ရောင်းချနိုင်ခဲ့ပြီး လက်ရှိမှာတော့ Amazon ဟာ ကမ္ဘာ့အကြီးဆုံး လက်လီရောင်းချတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်နေပါပြီ။


Google



Standford ကျောင်းသား(၂)ဦးဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ Google ကုမ္ပဏီကို Sergey ရဲ့ အမျိုးသမီးမိတ်ဆွေတဦးဖြစ်တဲ့ Susan Wojcicki ရဲ့ ဂိုဒေါင်ထဲမှာ စတင်ထည်ထောင်ခဲ့ပါတယ်။ Google မှာ ၂၀၁၄ ခုနှစ် အထိ ဒု-ဥက္ကဌရာထူးနဲ့တာဝန်ထမ်းဆောင်သွားခဲ့တဲ့ Susan ဟာ အဲဒီအချိန်တုန်းက သူမရဲ့ ကုန်ကျစရိတ်အချို့ကို ကာမိစေဖို့အတွက် ဂိုဒေါင်ကို Page နဲ့ Brin တို့ကို တလ ဒေါ်လာ (၁,၇၀၀) နဲ့ ငှားခဲ့တာပါ။ ကုမ္ပဏီစတင်ပြီး (၁)နှစ် အတွင်းမှာပဲ Google Team ဟာ ဂိုဒေါင်ကနေ ရုံးခန်းကောင်းကောင်းကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။


The Walt Disney Co.



လက်ရှိအချိန်မှာ Box Office ဝင်ငွေစံချိန်တင်ကားတွေနဲ့ အမြတ်တွေကြီးစွာရနေတဲ့ Disney ကုမ္ပဏီကို ၁၉၂၃ ခုနှစ်က Robert Disney ရဲ့ ဂိုဒေါင်ထဲမှာ စတင်ခဲ့တာပါ။ Robert ဟာ Disney ရဲ့တည်ထောင်သူ Walt Disney ရဲ့ ဦးလေးတော်စပ်သူပါ။ စတင်တည်ထောင်စဉ်က The Disney Brothers Studio လို့ အမည်ပေးခဲ့ပြီး Walt နဲ့ သူရဲ့ အကိုဖြစ်သူ Roy တို့ဟာ ဂိုဒေါင်ထဲမှာ Alice Comedies လို့ခေါ်တဲ့ ကာတွန်းကားကိုထုတ်လုပ်ခဲ့ပါတယ်။ လအနည်း ငယ်အကြာမှာတော့ Universal Studios နဲ့ စာချုပ်ချုပ်ခဲ့နိုင်ခဲ့ပြီး ပိုမိုကျယ်ဝန်းတဲ့နေရာကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။


Harley-Davidson



၁၉၀၁ ခုနှစ်တုန်းက William S.Harley နဲ့ သူ့ရဲ့ သူငယ်ချင်း Arthur Davidson တို့ဟာ Wisconsin ပြည်နယ်၊ Milwaukee မြို့နားက သစ်သားဂိုဒေါင်လေး တလုံးထဲမှာ သူတို့ရဲ့ စက်ဘီးတွေကို အင်ဂျင်တပ်ဖို့ စိတ်ကူးကို စတင်အကောင်အထည်ဖော်ခဲ့ကြတာပါ။ (၂)နှစ်အကြာ ၁၉၀၃ ခုနှစ်မှာတော့ Harley-Davidson ကုမ္ပဏီကို စတင်တည်ထောင် နိုင်ခဲ့ကြတာဖြစ်ပြီး အခုတော့ ကမ္ဘာပေါ်က ဆိုင်ကယ် ဝါသနာရှင်တိုင်းရဲ့ အပိုင်ဆိုင်ချင်ဆုံး Brand တခု ဖြစ်နေပါပြီ။

Comments


bottom of page