COVID-19 ကို အန်တုနေပြီဖြစ်တဲ့ ဘန်ဒက်စ်လီဂါ
- Kyaw Thet Htoon
- May 26, 2020
- 1 min read
ဥရောပ ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ် (၅)ခုထဲက ဂျာမန် ဘန်ဒက်စ်လီဂါကတော့ မနေ့က ပြန်စနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ မှုကြောင့် အားကစားပွဲတွေကို ရပ်ဆိုင်းထားရာကနေ ပထမဆုံး ပြန်ကစားတဲ့ နာမည်ကြီး လိဂ် ဖြစ်လို့ အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံမှာ ကူးစက်မှုတွေ ဆိုးရွားလာခဲ့တဲ့ မတ်လ ကတည်းက ဘန်ဒက်စ်လီဂါကို ရပ်နားထားခဲ့တာဖြစ်ပြီး (၂)လ နီးပါးကြာချိန်မှာ ပြန်ကစားခဲ့တာပါ။ ဒါပေမဲ့ အခု ဘန်ဒက်စ်လီဂါကတော့ ကျွန်တော်တို့ သိခဲ့တဲ့ ဘန်ဒက်စ်လီဂါနဲ့တော့ အတော်လေး ခြားနားသွားခဲ့ပါတယ်။
ဥရောပက ပြည်တွင်းလိဂ်ပြိုင်ပွဲတွေထဲမှာ ဘန်ဒက်စ်လီဂါဟာ ကွင်းအတွင်း ပရိသတ်ဝင်ရောက် အားပေးမှုနှုန်း အမြင့်ဆုံး လိဂ်ဖြစ်ပါတယ်။ တပွဲကို ပရိသတ်ပျမ်းမျှ (၄၃,၀၀၀) ကျော် ဝင်ရောက်အားပေးလေ့ရှိတဲ့ ဘန်ဒက်စ်လီဂါ ပွဲစဉ်တွေမှာ အခုတော့ တပွဲကို ကွင်းအတွင်း လူ (၃၂၂)ယောက်ထက် ပိုပြီး ဝင်ခွင့်မရှိတော့ပါဘူး။

ကွင်းအတွင်း ဝင်ခွင့်ရှိတဲ့ (၃၂၂)မှာလည်း အသင်း (၂)သင်းက ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဒိုင်လူကြီးတွေ စတဲ့ (၉၈)ဦး ကပဲ ဘောလုံးကွင်းနဲ့ အနီးဆုံးမှာ နေခွင့်ရတာပါ။ သတင်းမီဒီယာသမားတွေ၊ သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ အရေးပေါ် ကျန်းမာရေးဝန်ထမ်း အားလုံးပေါင်း (၁၁၅)ဦးလောက်က ပွဲကြည့်စဉ်တွေမှာ နေရာယူရပြီး ကျန်တဲ့ လုံခြုံရေးတာဝန်ယူရတဲ့ (၁၀၉)ယောက်က ကွင်း အပြင်မှာ နေရာယူရပါတယ်။
ကလပ်အသင်းတွေအနေနဲ့လည်း ပွဲမတိုင်ခင် တပတ်ခန့်ကြိုပြီး quarantine ဝင်ထားရသလို၊ ဆေးစစ်မှုတွေလည်း လုပ်ဆောင်ရပါတယ်။ ပွဲနေ့မှာ ကစားရမဲ့ကွင်းကို ထွက်ခွာရာမှာလည်း အရင်လို ဘတ်စ် တစီးတည်း အတူမစီးရဘဲ၊ ဘတ်စ်ကား အများအပြား အသုံးပြုပြီး လာရောက်ရပါတယ်။ ဒါ့အပြင် ပွဲကစားချိန်ကလွဲလို့ (၂)ဖက်အသင်းသားတွေ ကွင်းအတွင်း တချိန်ထဲမှာ မဆုံတွေ့အောင်လည်း အထူးဂရုစိုက်ပြီး အချိန်ဇယား ရေးဆွဲထားပါသေးတယ်။ အသင်းဖော်တွေအနေနဲ့လည်း အဝတ်လဲခန်းထဲမှာ အတူတကွရှိနေရမဲ့ အချိန်ကို လျှော့ချရပြီး တဦးနဲ့ တဦး အနည်းဆုံး (၁.၅) မီတာ အကွာအဝေးရှိနေအောင် ဂရုစိုက်ရပါတယ်။ ကစားသမားတွေ ပွဲကစားဖို့ ကွင်းထဲထွက်သွားပြီဆိုတာနဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေက အဝတ်လဲခန်းကို အမြန်ဆုံး ပိုးသတ်ရပါတယ်။
ဘောလုံးပွဲကစားချိန်မှာလည်း အရန်ကစားသမားတွေဟာ အရင်လို အရန်ခုံမှာ ပူးပူးကပ်ကပ် နေခွင့်မရတော့ဘဲ အနည်းဆုံး (၃)ပေခွာပြီး နေရသလို၊ နှာခေါင်းစည်းလည်း တပ်ထားရပါတယ်။ ဘောလုံးပွဲတွေမှာ ကွင်းအပြင်က ball boys တွေကို အနည်းဆုံး (၁၆)နှစ် ပြည့်ပြီးသူတွေကိုပဲ အသုံးပြုခွင့်ရှိပြီး သူတု့ိဟာလည်း ဘောလုံးတွေကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ရတဲ့ တာဝန်တခု ထပ်တိုးလာပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ကစားသမားတွေ ကိုယ်တိုင်လည်း social distancing စည်းမျဉ်းအချို့ကို လိုက်နာခဲ့တာကို တွေ့ရပြီး အထူးသဖြင့် ဂိုးသွင်းအပြီး အောင်ပွဲခံချိန်မှာ အရင်လို စုပေါင်းပွေ့ဖက် အောင်ပွဲခံတာထက် ခပ်ခွာခွာလေး နေပြီး အောင်ပွဲခံကြတာကို တွေ့ရပါတယ်။
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းဖြစ်တဲ့ ဘောလုံးပွဲတွေ အခုလို ပြန်စနိုင်တာဟာ တဖက်ကကြည့်ရင် အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်သလို၊ တဖက်ကကြည့်ရင်လည်း ကမ္ဘာသူ၊ ကမ္ဘာသားတွေအတွက် အားတက်စရာပါ။ မနေ့က ဘန်ဒက်စ်လီဂါပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာမှာ ကမ္ဘာတဝှမ်းက ကြည့်ရှုသူ ဘီလီယံနဲ့ ချီပြီး ရှိခဲ့ပါတယ်။ ဘောလုံးပွဲ အချိန် (၁)နာရီခွဲအတွင်းမှာ အားပေးတဲ့ အသင်းရဲ့ ကစားပုံနဲ့အတူ တက်ကြွတာ၊ စိတ်လှုပ်ရှားတာ၊ ပျော်ရွှင်တာ၊ ဒေါသထွက်တာ စတဲ့ ခံစားချက်တွေကို အရင်အတိုင်း လွတ်လွတ်လပ်လပ် ပြန်လည် ခံစားနိုင်ခဲ့ပြီး လာမဲ့အနာဂတ်ကို ဆက်လက်ရင်ဆိုင်ဖို့ အားအင်တွေ ဖြစ်စေခဲ့တာ အမှန်ပါပဲ။
コメント