🍂 နွေဦး 🌬
- Pyae Phyo Aung
- Jun 29, 2020
- 1 min read
Updated: Sep 26, 2020

နွေဦးရာသီရဲ့ အရသာကို ပုံမှန် ဖေဖော်ဝါရီလလယ်လောက်မှ စရတတ်သလား မပြောတတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအချိန် လေပူလေး တစ်ချက်တစ်ချက် ဝှေ့လိုက်ရင်ကို ကြိုက်တာ။ ဆယ်ကျော်သက်ဘဝကို ပြန်ပြန်ရောက်သွားသလိုပဲ။ အဲ့ဒီ့ခံစားမှုလေးက စက္ကန့်ပိုင်းလောက်ပဲ ကြာတာပါ။ ဒါပေမဲ့ အရမ်းရှားပါးပြီး အဖိုးတန်တဲ့ ဒဏ္ဍာရီလာ ငှက်တစ်ကောင်ကို ဖျတ်ခနဲတွေ့လိုက်ရသလို… အမှတ်မထင် ရုတ်တရက် တွေ့လိုက်ရတဲ့ မိန်းမချောလေးတစ်ယောက်ရဲ့ အပြုံးလို အတွေးထဲစွဲသွားပေမဲ့ ပြန်ရဖို့ ခက်လိုက်တာ…
တိုက်နေတဲ့ လေထဲမှာ ပျင်းခြောက်ခြောက် အငွေ့အသက်တွေနဲ့၊ သစ်ရွက်တွေ ဝေနေတုန်း အပင်တွေ စိမ်းစိုစိုတော့ ရှိပါတယ်။ ဒါပေမဲ့ သစ်ကိုင်းတွေအပြည့်တော့ ဖုံးကွယ်မနေနိုင်ဘူးလေ။
နွေရာသီတော့ မရောက်သေးဘူး။ နွေရာသီကို ကျတော် မကြိုက်ဘူး။ ဒီအချိန်လေးကတော့ နှစ်တစ်နှစ်ရဲ့ အကြိုက်ဆုံးအချိန်၊ ကိုယ့်ကိုကိုယ် ခံစားမှုရှိတဲ့ လူတစ်ယောက်လို့ ပြန်ပြန်ပြီး သတိရမိတဲ့ အချိန်။ အလုပ်တွေ မအားမလပ်ရှုပ်နေတဲ့ အချိန်တွေမှတောင် ဒီလိုနွေဦးလေအဝှေ့ကို ကျတော် ခဏလောက်တော့ မိန်းမောမိတာပဲ။ တစ်ခါတစ်ခါ ဥသြငှက်သံ ကြားနိုင်တယ်၊ လေတိုက်လို့ သစ်ရွက်ချင်းယှက်သံလဲ နားထောင်ကောင်းတာပဲ၊ သစ်ရွက်ခြောက်တွေ နင်းမိရင်လဲ ပျော်စရာတစ်မျိုး၊ အရွက်တွေ ကြွေကျတဲ့အောက် လမ်းလျှောက်မိရင်ကို ကြည်နူးပြီး ပြုံးနေမိတာ။
ငယ်ငယ်ကတော့ ဒီလိုအချိန် လူတိုင်းမျက်နှာမြင်ရရင် ပြုံးနေသလို ခံစားရဖူးတယ်။ တကယ်ဟုတ်မဟုတ် ကျတော် မသိဘူးလေ။ ကျတော်ကိုယ်တိုင် ပျော်နေလို့ဖြစ်မှာပါ။ ဒါပေမဲ့ အခုချိန် အဲ့လို မခံစားရတော့ဘူး။ နေ့တိုင်းလို ကျတော်မြင်ခဲ့ရသူတွေက ပူပန်မှုတွေနဲ့… ညနေပိုင်း အလုပ်ပြန်ချိန်တွေဆို သူတို့မျက်နှာမှာ အိမ်ကိုအချိန်မှီရောက်ပါမလား ဆိုတဲ့ အတွေးတွေ၊ ချိန်းထားတာတွေ နောက်ကျနေပြီလား ဆိုတာတွေ၊ အပြန်လမ်းမှာ ကားအရမ်းကြပ်မှာကို တွေးပူနေသလိုတွေ၊ အိမ်ရောက်ရင်တောင် လုပ်စရာတွေ တပုံတပင်ပါလားဆိုတဲ့ ခံစားမှုတွေကို မြင်နေရသလိုပဲ။
အချိန်ကာလအတိုင်းအတာတစ်ခု ဖြတ်သန်းဖူးချိန်မှာ အရာရာဟာ မချိုမြိန်တော့ပါဘူး။ စာအုပ်တစ်အုပ်မှာ လတ်လတ်ဆတ်ဆတ် ဖတ်လိုက်ရတယ်၊ “အသက် (၁၆) နှစ်ကနေ (၂၁) နှစ်ကြားအချိန်က ရည်းစားထားဖို့ အကောင်းဆုံး အချိန်” တဲ့၊ ကျတော်ကတော့ စိတ်ရဲ့ခံစားနိုင်စွမ်း အကောင်းဆုံး အချိန်လို့ပဲ ပြင်ပြောပါရစေ။
အဲ့ဒီ့အချိန်ကတော့ အသက်ရှုတာတောင် အရသာရှိနေတတ်တာမျိုး၊ လေကိုရှုခွင့်ရှိနေတာကိုက အခွင့်ထူးခံလို့ ခံစားနေရတာမျိုး၊ ကံအကောင်းဆုံးလူသားလို့ ယူဆမိနေတာမျိုးပေါ့။ မျက်လုံးထဲမှာ အရာရာ ကြည်ကြည်လင်လင် မြင်ရရင်ကို လှပကျေနပ်စရာအချိန်။ မွှေးညှင်းလေးတွေကို လေတိုးနေတာကိုတောင် လျစ်လျူမရှုနိုင်တဲ့ အရွယ်လေ… ပျော်စရာသိပ်ကောင်းတာပေါ့၊ တကယ့်ကို ပျော်စရာပဲ။
တခါတခါ အဝေးက အသံသဲ့သဲ့တွေကိုလည်း ခံစားနေမိတာပဲ၊ အနီးအဝေးဆိုတာ စိတ်ဝင်စားစရာတွေနဲ့ ဖျော်ဖြေပေးနေတဲ့ နောက်ထပ် အာရုံတစ်ခုလိုပေါ့။
အဲ့ဒီ့အရွယ်မှာ ဒေါသဖြစ်စရာတွေ၊ စိတ်ပင်ပန်းစရာတွေက အချိန်ပြည့်ကိုယ့်ကို မဖမ်းစားနိုင်ဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်နေရင်တောင် ပျော်စရာအချိန်ပျော်မှာပဲ၊ ကြည်နူးစရာအချိန် ကြည်နူးမှာပဲ၊ စိတ်ကူးယဉ်ကောင်းတုန်းမှာ ယဉ်နေမိမှာပဲ… ကိုယ့်ကိုယ်ကို ပိုင်တာပေါ့။
အဲ့ဒါ နွေဦးရဲ့ ကျတော်နဲ့ ပတ်သတ်တဲ့ အထိအတွေ့တွေလေ။ ဆယ်ကျော်သက်ဘဝလိုပဲ နွေဦးအချိန်တွေဟာ တစ်နှစ်တာမှာ တိုတောင်းလွန်းပါတယ်။ ဘဝမှာ ခဏပဲရတဲ့ အချိန်တွေကို စိတ်ကျေနပ်စရာတွေနဲ့ပဲ ကုန်ဆုံးတာကောင်းတာပေါ့။
ဒါပေမဲ့ ပူပြင်းခြောက်သွေ့ပြီး ပျင်းစရာကောင်းတဲ့ နွေရာသီကိုတော့ ကျတော် မကြိုက်ဖူး…။
ပြည့်ဖြိုး
ဖေဖော်ဝါရီ (၂၄) ၂၀၁၈၊ ညနေ ၅း၄၂
Comments